Thursday, February 19, 2009


ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ပါ။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေအင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီလုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့။
ငယ်ငယ်တုန်းကငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက
အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းကချော့တစ်ခါ ချောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့
ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ
ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ငါကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ
အရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်သင်ပေးခဲ့တာတွေကိုသတိရပေးပါ ။
တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖေါ်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ငါ့မေတ္တာတွေတွေ့ရမှာပါ။

မိဘကျေးဇူးကိုသိတတ်သောသားသမီးတိုင်း ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Friday, November 28, 2008

Monday, November 24, 2008

တန်ဖိုးထားတတ်ဖို့



ဒီ post ကိုတင်ရတဲ့ရည်ရွယ်ချက်ကတော့ လူတိုင်းကိုယ်ပိုင်တဲ့အရာတိုင်းကို တန်ဖိုးထားတတ်ဖို့ပါ။ နည်းပညာတွေမြင့်လာတာနဲ့အမျှ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာတိုင်းကို နည်းပညာရဲ့ အထောက်အပံ့ယူပြီး လွယ်လွယ်ကူကူနဲ့ပဲ အသုံးချနေကြပါတယ်။ ကိုယ်နေ့စဉ်သုံးနေတဲ့ အသုံးအဆောင်တွေကိုကျွန်တော်တို့ဘယ်လောက်များတန်ဖိုးဘယ်လောက်ထားဖူးပါသလဲ?
နောက်ကွယ်မှာရှိတဲ့ သူတို့ရဲ့ တန်ဖိုးကိုရော စဉ်းစားမိပါသလား? ဥပမာပြောရရင် ဖိနပ်တစ်ရံ ပေါ့။ ကိုယ်ပိုင်တဲ့ဖိနပ်တစ်ရံရဲ့ တန်ဖိုးကို ငွေကြေးနဲ့ မဆုံးဖြတ်ဘဲ သူ့ရဲ့အသုံးဝင်မှူ့၊ သူနဲ့အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေနဲ့ ဆုံးဖြတ်မယ်ဆိုရင်တော့ လူတစ်ယောက်နဲ့တစ်ယောက် အတွက်အဲဒီဖိနပ်တစ်ရံရဲ့တန်ဖိုးဟာ ကွာခြားသွားပါလိမ့်မယ်။ လူနှစ်ယောက်ဟာ တစ်ပုံစံတည်းတူတဲ့ဖိနပ် တစ်ရံစီကို တန်ဖိုးအတူတူပေးပြီးဝယ်ခဲ့တယ်ဆိုပါစို့။ နှစ်တွေကြာလာတာနဲ့အမျှ အဲဒီလူနှစ်ယောက်အတွက်သူတို့ ပိုင်တဲ့ ဖိနပ်တွေရဲ့အဓိပယ်(စာလုံးပေါင်းသည်းခံပါ) ဟာကွားခြားသွားပါလိမ့်မယ်။ ပထမလူကသူဝယ်ခဲ့တဲ့ဖိနပ်ကို တသသနဲ့ထားပြီး ပါတီ ပွဲတက်တဲ့အချိန်မှာပဲထုတ်စီးမယ်။ ဒုတိယလူအတွက်တော့ သူ့မှာ အသစ်ဝယ်ခဲ့တဲ့ဖိနပ်တစ်ရံပဲရှိတဲ့အတွက်သူအပြင်သွားတိုင်း အဲဒီိဖိနပ်ကို ပဲစီးမယ်။ ဒီလိုဆိုရင် ဖိနပ်တစ်ရံစီရဲ့အဓိပယ် နဲ့ သူတို့နဲ့ပတ်သက်တဲ့အမှတ်တရတွေဟာ လူနှစ်ယောက်အတွက်တော်တော်ကွာခြားသွားပါပြီ။ ပထမလူကသူ့ဖိနပ်ကိုမြင်တိုင်း ပါတီပွဲအကြောင်းကို သတိရမယ်၊ ပါတီမှာအတူတူပျော်ခဲ့တဲ့သူ့ရဲ့သူငယ်ချင်းတွေကိုသတိရမယ်။ ဒုတိယလူကျတော့ သူနဲ့အတူနေပူမရှောင် မိုးရွာမရှောင် ဖြတ်သန်းခဲ့တဲ့ ဖိနပ်ကို သူအပြင်သွားဖို့ ပြင်ဆင်တိုင်း သတိရနေမှာပါ။ ဒါကြောင့် ဖိနပ်တစ်ရံရဲ့နောက်မှာ သူ့ရဲ့ နောက်ကြောင်းရာဇ၀င် နဲ့ အဓိပယ်တွေအများကြီးရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အသုံးအဆောင်တွေကို ပစ်စည်း သက်သက်အဖြစ်မမြင်ဘဲ ကိုယ်ရဲ့နေ့စဉ်ဘ၀တွေကို အတူတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်မြင်ကြည့်ရင် အဲဒီအသုံးအဆောင်ဟာ ကိုယ့်အတွက်ပိုပြီးအဓိပယ်ရှိလာပါလိမ့်မယ်။ ကျွန်တော်တို့ ပြောကြတယ်လေ...လူတစ်ယောက်ရဲ့ ဖိနပ်ကိုကြည့်ပြီး သူဖြတ်သန်းခဲ့တဲ့နေ့ရက်တွေနဲ့ သူဟာဘယ်လိုလူလဲဆိုတာကိုပြောနိုင်တယ်တဲ့...။ ဒီ concept လေးကို Vincent van Gogh ရဲ့ ၁၈၈၅ခုနှစ် မှာရေးဆွဲခဲ့တဲ့ A Pair Of Shoes တဲ့ဆီဆေးပန်းချီကားလေးနဲ့ မျှဝေလိုက်ပါတယ်။

Sunday, May 11, 2008


မျက်နှာဖုံး


ပုဒ်မ၁၅၀၀ နဲ့ငါ....
တရားလိုမသိဘဲ အမှု့ရှုံးခဲ့တယ်။
ဒီတစ်သက်မမေ့မယ့် မျက်နှာကို ငါ....
သာမာန်မိတ်ဆွေတစ်ယောက်လို(သူငယ်ချင်း အဆင့်တောင်မရောက်ပါ)ထိုင်ကြည့်ခဲ့တယ်။
တစ်ကယ်တော့ ....ငါဟာ
ရန်သူ့လက်ထဲမှာ ကိုင်ထားတဲ့ ငါ့အတွက် အလံဖြူကို
မြင်လျက်နဲ့တိုက်ပွဲဝင်ရဲံ လောက်အောင်
သတ္တိမရှိခဲ့ပါဘူး။
ဒီအရှုံးတွေ အားလုံးကို မျက်နှာဖုံးတစ်ခုတည်းနဲ့ ဖုံးကွယ်နိုင်လောက်အောင် ငါ...ဟန်ဆောင်ကောင်းခဲ့ပါတယ်။

Thursday, December 20, 2007

အိပ်မက်ဆိုး တစ်ခု လိုပါပဲ......

ဒီတစ်ခါတော့.....အိမ်ပြောင်းတဲ့ အတွေ့အကြုံ လေး မျှဝေချင်လို့ပါ........ ပြောရမယ်ဆိုရင်တော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဘူးပါဘူး.......လမ်းဘေးမှာပဲအိပ်ရတော့မလိုလို....project မပြီးလို့ MC ပဲယူရတော့မလိုလို နဲ့ တော်တော်လေး ကို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ခဲ့ရပါတယ်........အဖြစ်ကဒီလိုပါ... စလုံးမှာနေရတဲ့ ကျောင်းသားကျောင်းသူ တော်တော်များများရဲ့ ထုံးစံအတိုင်း အိမ်ရှင်နဲ့အတူတူနေရပါတယ်။ အိမ်ရှင်က စလုံးမဟုတ်ပါဘူး.....သူလည်း foreigner တစ်ယောက်ပါ။ တရုတ်ပြည်က လာ တာပါ.....ဒါပေမယ့် .....စလုံးမှာအနေကြာလာတော့ တော်တော်လည်နေပုံပေါက်ပါတယ်။ သူက master bedroom အခန်းမှာနေပြီး ကျန်တဲ့ အခန်းလွတ်၂ခန်း ကိုငှားတာပါ။ တစ်ခန်းက တရုတ်ပြည်က လာပြီး အလုပ်လုပ်၊ ကျောင်းတက်တဲ့ လူတွေနေပါတယ်။ ကျန်တဲ့ အခန်းကတော့ ကျွန်ုပ် ဇတ်လိုက်ကျော် နဲ့ သူငယ်ချင်း ၂ ယောက် နေပါတယ်။ ၁ခန်းကို ၅၀၀ နဲ့ အင်တာနက်ဖိုးအပါအ၀င်ဆိုရင် တစ်ယောက်ကို ၂၀၀ ပတ်ဝန်းကျင်ပဲကျပါတယ်။ နောက်ပိုင်း သူငယ်ချင်း တစ်ယောက်က မဖြစ်မနေ သူ့အဒေါ် နဲ့သွားနေရတဲ့ အတွက် ၂ယောက်ပဲ ကျန်ခဲ့ပါတယ်။ ဒီအထိလည်းအဆင်ပြေပါသေးတယ်။ အတူနေတဲ့ သူတစ်ယောက်ရော့သွားတဲ့ အတွက် ပျင်းစရာကောင်းသွားတာက လွဲရင်ပေါ့...။ ခါတိုင်းလိုဆူဆူညံညံ မဟုတ်ပဲ တစ်ခါတစ်လေ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်သွား တာကလွဲရင်ပေါ့.....။ အတူနေတဲ့ သူငယ်ချင်း၃ယောက် ထဲမှာ အဲဒီတစ်ယောက် က ဆူဆူညံညံ လုပ်နေကျမို့ပါ။ သူဆူဆူညံညံလုပ်တယ်ဆိုတာ သီချင်းအကျယ်ကြီး ဖွင့်တာပါ...။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းဆိုတော့ လည်းစိတ်အနှောက်အယှက်မဖြစ်ပါဘူး။ ကြာတော့လည်း နေသားကျသွားပါတယ်။ သူပြောင်းသွားပြီးတဲ့နောက် အခန်းဟာ သိသိသာသာ ကို တိတ်ဆိတ်သွားပါတယ်။....အစကတော့ ဘာလို့ ငါတို့အခန်းကဒီလောက်တိတ်ဆိတ်သွားပါလိမ့်ပေါ့...။ နောက်မှသူငယ်ချင်း မရှိတော့တာကိုသတိရပါတယ်။...အတူနေတာကြာတော့ သူရှိနေသေးတယ်ပဲထင်နေမိတယ်။ ဘယ်လောက်ထိလဲဆိုရင် စားစရာဝယ်တာကို မေ့ပြီး၃ယောက်စာ ၀ယ်မိပါတယ်။ ကျန်ခဲ့တဲ့ သူငယ်ချင်း က "သူအိမ်ပြောင်းသွားပြီလေ" လို့ပြောတော့မှ သတိရပါတယ်။ တစ်ခါတစ်လေဆို "သြော် သူပြန်မလာသေးပါလား....တော်တော်မိုးချုပ်နေ ပြီဆိုပြီး သူဆီဖုန်းဆက်ဖို့ ဖုန်းကိုကောက်ကိုင်ပြီးမှ သူအိမ်ပြောင်းသွားတာကို သတိရ ပြီးဖုန်း ပြန်ချရပါတယ်။..ဒါတောင်အတူနေခဲ့တာ ၈လ ရှိပြီဆိုတော့ သူငယ်ချင်းတင်မကတော့ပါဘူး။...တစ်အိမ်တည်းသားလိုဖြစ်နေပါပြီ.....။ တစ်ကယ်တမ်းပြောရရင်....ကျွန်တော့တို့အတွက်တော့ ဒါဟာ ဒုတိယ အိမ်ပါပဲ။ မိဘတွေနဲ့က တစ်နှစ်နေမှ တစ်ခါလောက် တွေ့ခွင့် ရ တာပါ....ကျန်တဲ့ စလုံးမှာရှိတဲ့အချိန်တွေကို ကျောင်းမှာနဲ့ ဒီသူငယ်ချင်းတွေနဲ့နေရင်းနဲ့ပဲ ဖြတ်သန်းရတာပါ။......ရေးနေရင်းနဲ့ စကားတွေကလဲ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး။.......ရေးရင်းနဲ့ feel တက်သွာလို့ပါ.။........
ကဲ.....အိမ်ခန်းပြသနာလေးဆီဆက်သွားရအောင်.... ဒီလိုနဲ့ သူငယ်ချင်းပြောင်းသွားပြီးမကြာပါဘူး.....အိမ်ရှင်က သူ့အမေ တရုတ်ပြည်က လာနေမှာမို့လို့...ပြောင်းပေးပါ ဆိုပြီးရုတ်တရက်ကြီးပြောတဲ့အတွက် အခန်းအသစ်ကို သူငယ်ချင်းနှစ်ယောက် ၀ရုန်းသုန်းကား ရှာရပါတယ်။......ထုံးစံအရဆိုရင်.....အိမ်ရှင်ကမငှားတော့လို့ပဲ ဖြစ်ဖြစ်၊ အခန်းငှားတဲ့လူကဆက်မနေ ဖြစ်တော့လို့ပဲ ဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ၁လ ကြိုပြီး notice ပေးရပါတယ်။.... အခုတော့ လ၀က်ရောက်ခါနီးကျမှ ဒီလကုန်ရင် ပြောင်းပေးပါတဲ့....စဉ်စားကြည့်ကြပါအုံး.....တစ်ပတ်မှာ ၅ ရက်ကျောင်းကတက်ရသေးတယ်။ ဘယ် မှာ အခန်းသွားရှာချိန်ရမှာလဲ......။ ပိုဆိုးတာက နောက်လ ပထမအပတ်ထဲမှာ ကျောင်းက project ထပ်စရာရှိသေးတယ်။.....ကြိုလုပ်ထားမယ်ဆိုတော့လဲ project brief က အကုန်မထွက်သေးတော့ ဘာမှဆက်လုပ်လို့ မရ။ အိမ်ပြောင်းရမယ်ဆိုတော့ ပိုက်ဆံကအပိုကုန်အုံးမှာ ဆိုတော့ အိမ်ကိုလည်း ဖုန်းဆက်ရအုန်းမယ်၊..... agent fees, deposit နဲ့ ပထမအိမ်လခ အားလုံးပေါင်းရင် နဲနဲနောနော မဟုတ်။ အရေးထဲ phone bill က မလာသေး......။ ဒါပေမယ့် အရင်အိမ်မှာဆက်မနေဖြစ်တာတောင် ခပ်ကောင်းကောင်းပါ။.....အိမ်ရှင်ရဲ့အမေက ရောက်လာပြီဆိုတော့ သူက ဧည့်ခန်း ထဲမှာအိပ်ပါတယ်။ မနက်နိုးလာလို့ အခန်းထဲကထွက်လိုက်တော့ ကိုယ့်အဖွားအရွယ်က ဧည့်ခန်း ထဲမှာအိပ်နေတာမြင်တော့ မပြောင်းပေးလို့ မဖြစ်မှန်းသိလိုက်ပါတယ်။ ပြီးတော့ ကျန်သေးတယ်.....အဲဒီ အဖွားက english စာနားမလည်ဘူးလားမသိပါဘူး... လာသမျှ phone bill နဲ့ internet bill တွေအကုန်လုံး အမှိုက်ပုံးထဲ လွှင့်ပစ်ပါလေရော.....။ ကိုယ့်မှာတော့ အစကသတိမထားမိဘူး.....ဒီလ phone bill ကလည်းနောက်ကျလိုက်တာပေါ့.....နောက်မှ သူ ဧည့်ခန်းထဲက စားပွဲခုံရှင်းနေတာမြင်လို့ မသက်ာလို့ သွားကြည့်တော့မှ....အောင်မလေး.....သူငယ်ချင်းရဲ့ကျောင်းကလာတဲ့စာပါ အမှိုက်ပုံးထဲရောက်နေပါလေရော...။
ဒီလိုနဲ့...... အိမ်ခန်းအသစ်ရှာတွေ့ပြီး ...... အဆင်ပြေပြီဆိုပြီး စိတ်အေးရမယ်ကြံရုံရှိသေးတယ်။ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီလောက် အတူနေတဲ့ သူငယ်ချင်းကဖုန်းဆက်လာပြီး... အိမ်ရှင်ကဒီနေ့အပြီးထွက်ပေးရမယ်တဲ့.... ကိုယ့်မှာခေါင်းကို ၂ဆမကဘူး ဆယ်ဆလောက်ကြီးသွားသလိုပဲ။ ဟုတ်တယ်လေ....လွန်ခဲ့တဲ့၂ရက်ကထိ ၃၀ ရက်နေ့ ညအိပ်လို့ ရတယ်လို့ပြောတော့ ဟိုဘက်ကအိမ်ရှင် အသစ်ကို ၁ရက်နေ့ ပြောင်းလာမယ်လို့ပဲ ပြောထားတာပေါ့။ အခုတော့....အခုတော့.....ဒီနေ့ညနေ အပြီးပြောင်းပေးရမယ်တဲ့.......။ သေချင်စိတ်တောင်ပေါက်သွားတယ်။ အိမ်ရှင်ကို ပြောပြီး တစ်ညလောက်နေခွင့် ပေးဖို့သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်းက ငါတော့ ရမယ်မထင်ဘူးတဲ့.... နေ့လယ်ကပြောတုန်းကတောင် မျက်နာနဲ့ လေသံ ကတော်တော်မာတယ် တဲ့....သူ့လေသံနားထောင်ရတာလည်း...အဲဒီအိမ်မှာနဲနဲလေးမှတောင်ဆက်နေချင်ပုံမပေါက်တော့ဘူး။....ဒါနဲ့....အိမ်ရှင်အသစ်ဆီကိုဖုန်းဆက်....ပစ္စည်း လေးတွေကို ဒီနေထားချင်တဲ့အကြောင်းပြော.....ပြီး အမြန် ပြောင်းရပါတော့တယ်။ ပစ္စည်းကိစ္စတွေ ပြီးတော့ လူတွေက ဘယ်သွားအိပ်ရမှန်းမသိ.....။ အဆိုးဆုံးက monday မှာ project ထပ်စရာရှိသေးတယ် ဘာမှမစရသေး.....။ အခုကို friday ရှိနေပြီ...။ ဒီလိုနဲ့ အိမ်ရှင်အသစ်ကို စနေနေ့ မနက် မှာဝင်မယ်လို့ ပြောပြီး သောကြာနေ့ ညကို အရင်ပြောင်းသွားတဲ့ သူငယ်ချင်းအိမ်မှာ သွားအိပ်လိုက်ရပါတယ်။ အစက Macdonal မှာပဲ ညအိပ်မယ်လို့ စဉ်းစားထားတာ.....။ ဟုတ်တယ်လေ.....၂၄နာရီ ဖွင့်တာဆိုလို့ Macdonal ပဲ သိတာကို........။ကံကောင်းလို့....အိပ်စရာနေရာရတယ်။ သူငယ်ချင်းအခန်းကလည်း ကုတင်က တစ်လုံးတည်းရှိတော့ အိမ်ရှင်ကို ဦးစားပေးပြီး ကြမ်းပေါ်မှာပဲ အိပ်လိုက်ရတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ကြမ်းပေါ်မှာ ည လုံးပေါက်အိပ်ဖူးပါတယ်။ အိပ်တယ်သာပြောတာပါ...ခေါင်းအုံးကလဲ မရှိ၊ ကြမ်းပြင်ပေါ်အိပ်ရလို့ ခါးကလဲ နာတော့ ၁၅ မိနစ် တစ်ခါလောက်နိုး နေတော့ မနက်လဲမိုးလင်းရော အိပ်ရေးမ၀တာ ကတစ်ကြောင်း၊ ကြမ်းပေါ်အိပ်ရလို့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ဖြစ်ပြီး နာနေတဲ့အတွက် လမ်းတောင်လျှောက်ချင်စိတ်မရှိတော့ပါဘူး.......။ ဒုက္ခရောက်တော့ အိမ်ကိုပဲသတိရတယ်....ဒါပေမယ့် ..အိမ်ကိုလည်း ဖုန်းဆက်ပြီးမပြောရဲ.......ဖေဖေ နဲ့ မေမေ သိလည်း သူတို့ စိတ်ပူအောင်လုပ်နေသလိုပဲဖြစ်မှာ။
ဒီလိုနဲ့ monday မနက်ခင်းမှာ အိမ်အသစ်ကိုပြောင်းမယ်ဆိုပြီးသွားတော့.... အိမ်ကတံခါးသော့ခတ်ထာပါလေရော....။ ဒါနဲ့ အိမ်ရှင်ကိုဖုန်းဆက်ပြီးပြောပြီးတော့ နောက်၅မိနစ်လောက်နေတော့ အိပ်ချင်မူးတူးနဲ့ မိန်းမတစ်ယောက်တံခါးလာဖွင့် ပေးပါလေရော.......သူတို့ကအရင်အိမ်ငှားတွေတဲ့.....အိမ်ရှင်ကိုပြောထားတာက ဒီနေ့ညအိပ်ပြီး မနက်ဖြန်မှထွက်ပေးမယ် လို့ ပြော....ထား....တာ...ပါ....တဲ့....။ နေရာမှာတင်အော်ငိုပြစ်ချင်စိတ်ကိုပေါက်သွားတာပဲ.....။ လူကလဲအရမ်းပင်ပန်းနေပြီ.....project ကလည်း monday ထပ်ရမှာ...အခု saturday ရှိနေပြီ....ဘာမှမစရသေး.....။သူတို့ကဖြင့် အိပ်ကောင်းတုန်းရှိသေးတယ်။ သူတို့ ပစ္စည်း တွေကလည်း ဘာဆိုဘာမှကို မသိမ်းရသေး။ နောက်အိမ်ရှင်ကိုဖုန်းဆက်ပြီးထပ်ပြောတော့....... အရင်အိမ်ငှားနဲ့ သူနဲ့ misunderstanding ဖြစ်သွားတာပါတဲ့.............။ သူက monday ပြောင်းပေးပါလို့ ပြောထာတာကို ....ဟိုဘက်က monday နေ့လည်မှပြောင်း၊ အဲဒီအိမ်မှာ ညအိပ်ပြီး tuesday မနက်မှထွက် ပေးရမယ်ထင်တာတဲ့.....။ သေလိုက်ပါတော့ ..........။ ဒါ ဆို....ဒါဆို.....ဘာ project မှ လုပ်လို့မရတော့ဘူးပေါ့......ဒီတစ်ခေါက်project က...laptop နဲ့ လုပ်ရတဲ့ဟာလည်းမဟုတ်.....cardboards တွေကိုဖြတ်ပြီး model အသေးစားလေး လုပ်ရမှာဆိုတော့........ကိုယ်သွားလေရာ အဲဒီ model လေးကို ကြွကြွရွရွ လေး သယ်လို့ကလည်းမရ။ ကိုယ့်မှာ လွယ်အိတ်ကတစ်ဖက်၊ laptop အ တစ်ဖက်.....အရေးကြီးတဲ့ စာရွက်စာတမ်းတွေက တစ်ဖက်နဲ့.....အဲဒီ model ကို လုပ်ပြီးလို့ တောင်သယ်လည်း .....လမ်းမှာတင် တစ်စစီဖြစ်မှာ...။ ဟိုလူတွေက လည်းရွှေ့ လို့ မပြီးသေးဘူး....... ဒီညကိုလည်းဒီမှာဆက်အိပ်အုံးမှာ.......အိမ်ရှင်က ဒီညအိပ်ဖို့ အဲဒီအိမ်မှာ တစ်ခန်းသပ်သပ်စီစဉ်ပေးပါမယ်တဲ့....။ စဉ်းစား ကြည့် ကြ ပါအုံး.....မသိတဲ့ လူတွေနဲ့ တစ်အိမ်တည်း အိပ်ရမယ်တဲ့....။ ပြီးတော့....သူ တို့အိပ်ရာကြီး......။ လူကလည်း မနေ့ကတည်းက ပင်ပန်းနေတာဆိုတော့......ဘာမှကိုမပြောချင်တော့ဘူး.................။ အဲဒီနေ့ ညလည်း နောက်သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားအိပ်လိုက်ရပါတယ်...။
အဆုံးသတ်ရရင်တော့ ဖြစ်သမျှအကြောင်း တွေက ကိုယ်မလည်လို့ ပဲလား.......လူတွေကပဲ ဒီကလူတွေကပဲ အဲဒီလောက် ကို ဆိုးရွားနေလို့ ပဲလား တော့ မ သိပါဘူး.....။ သင်ခန်းစာတော့ တော်တော်ရသွားပါတယ်။ .....နောက် ပိုင်းအိမ်ရှင်နဲ့ ပတ်သတ်လာရင်......သဘောမကောင်းဖို့......အာလုံးတစ်ညီတစ်ညွှတ်တည်း သဘောတူ ထားကြပါ တယ်..။။။......ဒီပြသနာတွေကြုံတော့ ......စလုံးကို လာတာ...ပထမဦးဆုံး နောင်တရခြင်းပါပဲ..........။
ဒီလောက် ရှည်လျားထွေပြားတဲ့ ညည်းညူခြင်းကို အဆုံးထိရောက်အောင် ဖတ်ပေးတဲ့ အတွက်ကျေဇူးတင်ပါတယ်.....။

Friday, November 23, 2007

အကြောက်ဆုံးသတ္တ၀ါများ...

အကြောက်ဆုံးကတော့ ခြေမပါလက်မပါ အကောင်တွေပဲ.....ပျော့စိစိရှည်မျောမျောနဲ့ သွားတဲ့အကောင်ဆိုရင် ဘာအကောင်ပဲ ဖြစ်ဖြစ်လာခဲ့။ အကုန်ကြောက်တယ်။ ပိုးလောက်လန်းကစ မြွေအဆုံး အကုန်ကြောက်တာ။ ဘယ်လောက်ကြောက်လဲဆိုရင် စာအုပ်ပေါ်မှာ ပါတဲ့ မြွေပုံတောင်မထိရဲတဲ့ဘ၀။ ကျန်သေးတယ်။ နောက်တစ်မျိုးက ခြေတွေလက်တွေ အများကြီးပါတဲ့ အကောင်တွေ......ဥပမာ ...မီးရထားကောင်တို့ ဘောက်ဖတ်တို့ ( သစ်ရွက်စားတဲ့ အကောင်)တွေကို လဲကြောက်တယ်။ ဒီအကောင် တွေကိုသူများတွေ ဘယ်လိုခေါ်လဲ တော့မသိဘူး....။ အဲဒီ .... အဲဒီ လိုမျိုးအကောင်တွေကို အကြောက်ဆုံးပါပဲလို့...........။
တေဇာဝင်းသူ့ ဘလော့မှာ tag ထားတာကိုပြန်ရေးထားတာပါ........နောက်တစ်ခါ tag ခံရရင်လဲ များများရေးပါအုန်းမယ် လို့.....။ :)

Wednesday, September 19, 2007

နောက်ကြောင်းရာဇ၀င်

နောက်ကြောင်းရာဇ၀င်ကို စပြောရမယ်ဆိုရင် ကျွန်တော့်ကို မန္တလေးမြို့ရဲ့ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ နံနက်ခင်းတစ်ခုမှာ ဂူးဝါးဆေးတိုက်မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်ကိုမွေးတုန်းက မေမေဟာ သေမင်းရဲ့ လက်ထဲရောက်ဖို့နဲနဲပဲ လိုပါတော့တယ်။ အဲဒီတုန်းက ကျွန်တော်တို့သာ ဆင်းရဲခဲ့ရင် အခုချိန်မှာ ကျွန်တော်ဟာ မိခင်မေတ္တာဆိုတာ ဘာမှန်းတောင်သိလိုက်ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ လောကမှာ စိတ်ချမ်းသာမှု့ ပြီးရင် ပိုက်ဆံဟာ ဒုတိယအရေးအကြီးဆုံးလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်ဟာ မန္တလေးမြို့ မှာပဲ ကြီးပြင်းခဲ့ပါတယ်။ အမှတ်(၈) အ.ထ.က မှာ ပညာသင်ပြီး ၁၀ တန်းမှာ ဆေးကျောင်းကို ၇ မှတ်နဲ့ ကပ်ပြုတ်တဲ့အတွက် ချီးကျူးမခံရပဲ UFL (University of Foreign Language or Union of Female) ဆိုတဲ့ကျောင်းတော်ကြီးမှာ အင်္ဂလိပ်ဘာသာ အဓိကယူပြီး တစ်နှစ်တိတိ ပျော်ပျော်ကြီးတက်ခဲ့ ပါတယ်။ နောက်တော့ ပေါင်းသမျှသူငယ်ချင်းအရင်းကြီးတွေကလဲ တစ်ယောက်တစ်နိုင်ငံစီ ထွက်သွားပြီးတဲ့နောက် အစ်ကိုက စလုံးကိုခေါ်တာနဲ့ poly စာမေးပွဲဖြေပြီး ရောက်လာခဲ့ပါတယ်။ poly စာမေးပွဲဖြေတယ်ဆိုလို့ စာမေးပွဲ တစ်ခုတည်းကို အေးအေးဆေးဆေး ဖြေပြီးအောင်လာတယ် မထင်လိုက်ပါနဲ့။ Republice poly, temasek poly နဲ့ Singapore poly သုံးကျောင်းစလုံးကို ဗုံးကြဲ့ပီး ပေါက်တဲ့ ကျောင်းနဲ့ရောက်လာခဲ့တာပါ။ ဒီအစဉ်အလာကိုတော့ poly ကျောင်းသားတိုင်းသိမယ်ထင်ပါတယ်။ ဒီလိုနဲ့ Singapore poly Entrance test အောင်ပြီးတော့ ၂၀၀၇ ဧပြီမှာ စလုံးကိုရောက်ပြီး Interior Design course နဲ့ ပညာသင်နေပါပြီ။ နောက်ကြောင်း ရာဇ၀င်ကတော့ ဒီလောက်ပါပဲ။ နောက်ပိုင်းရေးမယ့် post တွေကတော့ ဟိုရောက်ဒီရောက် အတွေးများနဲ့ စလုံးအတွေ့အကြုံတွေပဲ များပါလိမ့်မယ်။